Logo

Phone

(+95 9) 404253660

NSCN-K

NSCN-K

National Socialist Council of Nagaland-Khaplang
နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ (ကပ်ပလန်)

 

အကျဉ်းချုပ်

 

တည်ထောင်သည့်နေ့စွဲ            – ၁-၁-၁၉၈ဝ

ဋ္ဌာနချုပ်                                       – ရွှေ့ပြောင်းဋ္ဌာနချုပ်

လှုပ်ရှားဒေသ                       – စစ်ကိုင်းတိုင်းဒေသကြီးရှိ လဟယ်၊ လေရှီး၊ ခန္တီး၊ နန်းယွန်းမြို့နယ်များ

ခန့်မှန်းအင်အား                    – ၅ဝဝ အောက်

ခေါင်းဆောင်                        – ကပ်ပလန် (SS Kaplan)

 

သမိုင်းကြောင်း

၁၉ ရာစုတွင် ဗြိတိသျှ-အိန္ဒိယ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းခံရသော အိန္ဒိယ အရှေ့မြောက်ဒေသတွင် နေထိုင်ကြသည့် နာဂလူမျိုးတို့သည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် လွတ်လပ်ရေး တောင်းဆို သော်လည်း မရသဖြင့် Naga National Council (NNC) ကို တည်ထောင်ပြီး ခွဲထွက်ရေးအတွက် လှုပ်ရှားခဲ့ကြသည်။

၁၉၇၅ ခုနှစ်တွင် NNC သည် အိန္ဒိယအစိုးရနှင့် Shillong Accord စာချုပ် ချုပ်ဆိုပြီး ခွဲထွက်ခွင့်ကို မတောင်းဆို တော့ဘဲ လက်နက်စွန့်လိုက်သဖြင့် ယင်းကို လက်မခံနိုင်သော အခြားခေါင်းဆောင်တို့က NSCN ကို ဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်နှင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် တို့တွင် နေထိုင်ကြသည့် နာဂလူမျိုးများကို ပူးပေါင်းကာ အချုပ်အခြာအာဏာပိုင် နာဂနိုင်ငံ ထူထောင်ရန် ဖြစ်သည်။ ယင်းသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံး ပါရှိသော ဖယ်ဒရယ် မြေအောက် အစိုးရအဖွဲ့ ဖြစ်သည်။

သို့သော် NSCN အတွင်း ခေါင်းဆောင်များ ထပ်မံ သဘောထားကွဲလွဲသဖြင့် NSCN-K နှင့် NSCN (I-M) ဟူ၍ ၂ ဖွဲ့ ကွဲသွားသည်။ NSCN-(K) ကို ကပ်လန် (SS Kaplan)က ဦးဆောင်ပြီး အခြားခွဲထွက် အဖွဲ့ဖြစ်သော NSCN (I-M) ကို Isak Chishi Swu နှင့် Thuingaleng Muviah တို့က ပူးတွဲ ခေါင်းဆောင်သည်။

NSCN-K သည် အိန္ဒိယစစ်တပ်မှ ယာဉ်တန်းကြောင်းတစ်ခုကို တိုက်ခိုက်သဖြင့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည်ဟု အိန္ဒိယအစိုးရက ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ NSCN ကိုလည်း အိန္ဒိယ ပြည်ထဲရေးဋ္ဌာနက အဓိကသူပုန်အုပ်စုအဖြစ် သတ်မှတ်ထားသည်။

 

၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထားသည်။ ၂ဝ၁ဝ ခုနှစ်မှစ၍ မြန်မာအစိုးရတပ်နှင့် NSCN-K အကြား စစ်ရေးပဋိပက္ခ မရှိခဲ့ပါ။ ၂ဝ၁၂ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက် NSCN-K တပ်သား အများအပြားက အဖွဲ့ကို စွန့်ခွာခဲ့ကြသည်။

 

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ

 

ဥက္က​ဋ္ဌ                                          – ကပ်ပလန် (SS Kaplan)

အထွေထွေအတွင်းရေးမှူး                    – ဒါလီ မန်ဂရူ အို (Dali Mangru Ao)

စစ်ဦးစီးချုပ်                                   – ခိုလီ ကွန်းရက် (Khole Konyak)

ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်             – ဦးကျော်ဝမ်းစိန်

ဆက်ဆံရေးရုံး                               – ခန္တီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

တရားဝင်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ – မသိရ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

၂ဝ၁၂ ခုနှစ် ဧပြီလ ၉ ရက်တွင် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသည်။ အစိုးရနှင့် အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး သဘောတူသည့် ၁၂ ခုမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။

NSCN-K တွင် အပစ်အခတ် ရပ်စဲပြီးချိန်မှစ၍ ထူးခြားဖြစ်စဉ်များ မရှိသေးပါ။ တိုင်းရင်းသား အစည်းအဝေး များတွင်လည်း ပါဝင်တက်ရောက်ခြင်း မရှိပါ။ သို့သော် မြန်မာအစိုးရက ခွင့်ပြုသော ကား ၁၅ စီး အခွန်မဲ့ တင်သွင်းခွင့်နှင့် ကားအစီး ၃ဝ အပေါ် သက်ညှာသည့် အခွန်ဆောင် တင်သွင်းခွင့်ကို ရရှိခဲ့သည်။

 

 

 

 

 

NSCN-K နှင့် အစိုးရ

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်

 

မြန်မာနိုင်ငံ အစိုးရဘက်မှ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီး အဖွဲ့ဝင် ၅ ဦးပါဝင်သော အပစ်အခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့၊ တိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်နှင့် NSCN-K ဘက်မှ အပစ်အခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Y Wantin Naga တို့သည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ Station ခန်းမတွင် ဧပြီလ ၉ ရက်က အပစ်အခတ် ရပ်စဲရေးကိစ္စများကို ဆွေးနွေးကြပြီး အောက်ဖော်ပြပါ အချက် ၅ ချက်ပါသော ကနဦး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

၁။ တပ်မတော်နှင့် NSCN-K အကြား ၂ဝ၁၂ ခုနှစ် ဧပြီလ ၉ ရက်မှစ၍ စစ်ရေးတိုက်ခိုက်မှုများ ရပ်ဆိုင်းရန်၊

၂။ ဆွေးနွေး ညှိနှိုင်းပြောဆိုမှုများ ဆောင်ရွက်ရန်အတွက် နှစ်ဘက်စလုံးက သဘောတူပြီး NSCN-K ၏ ဆက်ဆံရေးရုံးကို ခန္တီးမြို့တွင် ဖွင့်လှစ်ရန်၊

၃။ အပစ်အခတ် ရပ်စဲထားစဉ်အတွင်း နှစ်ဘက်စလုံးက သဘောတူထားသည့် နယ်မြေများကို ကျော်လွန်သွားသော နေရာများသို့  လက်နက်ကိုင်ဆောင် သွားလာမှုအား ကြိုတင် ညှိနှိုင်းဆွေးနွေးရန်၊

၎။ အပစ်အခတ် ရပ်စဲထားသည့် အချိန်ကာလတွင် NSCN-K အဖွဲ့ဝင်များအား လက်နက်မပါဘဲ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခြင်းကို ခွင့်ပြုထားရန်၊

၅။ ပြည်ထောင်စုအစိုးရနှင့် NSCN-K တို့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ အသီးသီးသည် နှစ်ဘက်စလုံးက သဘောတူထားသည့် နေရာနှင့် အချိန်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ဆက်လက် ဆွေးနွေးကြရန်၊

 

(မှတ်ချက်၊ Unofficial English Translation ကို မြန်မာဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)