Logo

Phone

(+95 9) 404253660

SSPP

ရှမ်းပြည်တိုးတက်ရေး ပါတီ       —   Shan State Progress Party

 

ရှမ်းလူမျိုးတို့သည် ကိုယ်ပိုင်သမိုင်း၊ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသူများဖြစ်ကြသည်။ ၄င်းတို့သည် မြန်မာပြည်အတွင်း၌ ရှမ်းပြည်နယ်တွင်လည်းကောင်း၊ ကချင်ပြည်နယ်တွင်လည်းကောင်း နေထိုင်ကြသည်။ ထို့အပြင် မြန်မာပြည်တောင်ပိုင်း တောင်ငူ၊ ဖြူး၊ ရွှေကျင်၊ ဖာပွန်၊ သာယာဝတီ၊ ဥက္ကံ၊ တိုက်ကြီး၊ ဝါးနက်ချောင်း စသည့်နေရာ အနှံ့အပြားတွင် နေထိုင်ကြသည်။ ၄င်းအပြင် တရုတ်၊ထိုင်း၊ ကမ္ဘောဒီယားနှင့် လောနိုင်ငံများတွင်လည်း အများအပြားနေထိုင်လျှက်ရှိသည့် လူမျိုးကြီးတစ်မျိုးပင်ဖြစ်သည်။ ရာစုနှစ်မျာတစ်လျှောက် ရှမ်းပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများနှင့် ယဉ်ကျေးမှုဖလှယ်မှု နှစ်မျိုးလုံး၏ မတည်ုငြိမ်သော သမိုင်းများကိုကြံတွေ့ခဲ့ကြရသည်။

ရှမ်းပြည်နယ်ကို မင်းညီမင်းသား(စော်ဘွား) မျိုးနွယ်စုအကြီးအကဲများမှ အုပ်ချုပ်ခဲ့ကြည်သည်။ ဗြိတိသျှတို့၏ ကိုလိုနီခေတ်နောက်ပိုင်းတွင် ရှမ်းလူမျိုးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆက်လက်ပေးထားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပထမဦးဆုံးရေးဆွဲခဲ့သည့် မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့်သည့်အချိန်တွင် ရှမ်းပြည်နယ်သည် ဗမာပြည်မှ ခွဲထွက်လိုပါက ခွဲထွက်နိုင်သည်ဟုပါရှိသည်။ ထိုအခြေအနေကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ပြဋ္ဌာန်းထားခဲ့သော်လည်း မြန်မာအစိုးရသည် မည်သည့်အခါမှ လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သောကြောင့် ၁၉၅၆ ခုနှစ်တွင် ရှမ်းစော်ဘွားများ၊ ရှမ်းဘုန်းတော်ကြီးများနှင့် စိတ်ဓာတ်ပြင်းထန်တက်ကြွသည့်ရှမ်းလူငယ်များသည် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးပွဲတွင် မြန်မာပြည်အုပ်စိုးသူတို့သည် ကတိပေးထားသည့်အတိုင်း ပြုလုပ်ခြင်းမရှိကြောင်း၊ ရှမ်းပြည်သူများကို ဖိနှိပ်လျှက်ရှိကြောင်း၊ ပင်လုံစာချုပ်ပါအချက်အလက်များကိုလည်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ရှမ်းပြည်တွင်းရေးရာများကိုလည်း နည်းမျိုးစုံဖြင့် ဝင်ရောက်စွက်ဖက်လျှက်ရှိကြောင်း သုံးသပ်ဆွေးနွေးခဲ့ကြကာ ရှမ်းလူမျိုးတို့သည် တန်းတူမှုရရှိရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး စသည်များအတွက် တိုက်ပွဲဝင်သွားကြရန် သဘောတူဆုံးဖြတ်ခဲ့ကြပြီး ငြိမ်းချမ်းသည့်နည်းဖြင့် တောင်းဆိုတိုက်ပွဲဝင်၍ မရရှိနိုင်ပါက ရှမ်းပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ပြီး လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်သွားမည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

၁၉၅၈ ခုနှစ်တွင် ရှမ်းတက္ကသိုလ်ကျောင်းသားများသည် ရန်ကုန်မြို့တော်ခန်းမကြီးတွင် လူထုအစည်းအဝေးတစ်ရပ်ခေါ်ဆိုပြီး ရှမ်းပြည်နယ်နှင့် ရှမ်းလူထုတို့၏ နစ်နာချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ရှမ်းတက္ကသိုလ်ကျောင်းသားများက ရှမ်းကျောင်းသားမဂ္ဂဇင်းကို “တိုင်းလူငယ် (Tai Youth” အမည်ဖြင့် ပုံနှိပ်ထုတ်ဝေကာ ရှမ်းအမျိုးသားရေးစိတ်ဓာတ်ကို လှုံ့ဆော်စည်းရုံးခဲ့သည်။ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စဝ်နွဲ့ခေါင်းဆောင်သည့် ရှမ်းလူငယ်များသည် လက်နက်ကိုင်တော်လှန်မှုကို စတင်ခဲ့သည်။ ၄င်းတို့သည် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီး “နွံစဝ်ဟန်” ဟုအမည်ပေးခဲ့သည်။ အဓိပ္ပါယ်မှာ ရဲရင့်သည့်လူငယ်အဖွဲ့ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်းတက္ကသိုလ်ကျောင်းသားများနှင့် အခြားကျောင်းသားများပူးပေါင်းပါဝင်လာကြပြီး တောခိုကာ စဝ်နွဲ့နှင့် သွားရောက်ပူးပေါင်းသဖြင့် လက်နက်ကိုင်တပ်ဖွဲ့အင်းအား များပြားလာသည်နှင့်အမျှ တင်ဖေနှင့်စဝ်နွဲ့တို့လည်း စစ်အာဏာရှင်ဖြစ်လာကြသည်။ ရှမ်းလူငယ်များ၏ ဝေဖန်၊ အကြံပေးမှုများကို လက်မခံသည့်ပြင် ဒေါသဖြင့်တုန့်ပြန်ပြောဆိုမှုများကြောင့် ရှမ်းလူငယ်များနှင့် ပဋိပက္ခများဖြစ်ကာ အဖွဲ့နှစ်ဖွဲ့ကွဲထွက်ခဲ့သည်။ တစ်ဖွဲ့မှာ နွံစဝ်ဟန်နှင့် လက်တွဲ၍မရသော လူငယ်များဖြစ်ကြပြီး ကျန်တစ်ဖွဲ့မှာ စစ်နွဲ့သည် တော်လှန်ရေးကို စတင်ခေါင်းဆောင်ခဲ့သူဖြစ်သဖြင့် နွံစဝ်ဟန်အား သည်းခံခွင့်လွှတ်ကာ သူ၏လက်အောက်၌ပင် လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဟု ခံယူသူများဖြစ်သည်။

နွံစဝ်ဟန်လက်အောက်မှ ခွဲထွက်လာသော စိုင်းပန်နှင့် စိုင်းဆပ်(ဆေထင်) တို့ဦးဆောင်သော ရှမ်းလူငယ်များသည် ရှမ်းပြည်သူလူထုကို စည်းရုံးလှုံ့ဆော်နိုင်သဖြင့် လက်နက်ကိုင်အင်အား တဖြေးဖြေးကြီးထွားလာကာ တပ်ရင်း ၄ ရင်းအထိဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၆၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ၄င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ကို (Shan State Independent Army – SSIA) ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် အဖြစ်ဖွဲ့စည်းခဲ့သည်။ ရှမ်းတိုင်းရင်းသားများသည် ရှမ်းပြည်သူလူထုအတွက် တရားမျှတသော အခွင့်အရေးများရရှိရန် ရှမ်းနှင့် အခြားတိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ၏ မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းအားထုတ်မှုများသည် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းဦးဆောင်သော စစ်တပ်အာဏာသိမ်းချိန်တွင် အဆုံးသတ်သွားခဲ့ရသည်။ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရကပြုလုပ်သော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွဲပွဲတွင် ရှမ်းအမျိုးသားကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးခဲ့သော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊အုပ်ချုပ်ခွင့် လူမျိုးစုအခွင့်အရေးနှင့် သီးခြားပြည်နယ်ရရှိရေး ဖက်ဒရယ်မူများကိုသာ အသေဆုပ်ကိုင်ဆွေးနွေးခဲ့သဖြင့် ဆွေးနွေးမှုမအောင်မြင်ခဲ့ပေ။

၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်မှ ခွန်ကြာနု၊ စိုင်းလှအောင်အဖွဲ့နှင့် မိုးဟိန်းဦးဆောင်သော ရှမ်းအမျိုးသားတော်လှန်ရေးတပ်ပေါင်းစုတို့ ပူးပေါင်း၍ မဟာဒေဝီ စောဝ်နန်းဟိန်းခမ်းအား ဥက္ကဋ္ဌတင်မြှောက်ကာ ရှမ်းပြည်တပ်မတော် (SSA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား များပြားလာသော ရှမ်းပြည်တပ်မတော် (SSA) သည် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရာတွင် တော်လှန်ရေးအားဦးဆောင်မှုပေးနိုင်သည့် နိုင်ငံရေးပါတီတစ်ခုလိုအပ်ကြောင်း သိရှိလာသဖြင့် ကွန်ဂရက်တစ်ရပ်ခေါ်ဆိုကျင်းပပြီး ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် (Shan State Progress Party – SSPP)ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့သည်။ SSPP အားဦးဆောင်ရန်အတွက် အဖွဲ့ဝင် ၂၁ ယောက်ပါရှိသည့် ဗဟိုကော်မတီကိုဖွဲ့စည်းပြီး ၄င်းတို့အထဲမှ ခေါင်းဆောင် ၁၁ ဦးကိုထပ်မံရွေးချယ်ကာ  PEC – Political Executive Committee ခေါ် နိုင်ငံရေးဦးဆောင်မှု ကော်မတီကို ဖွဲ့စည်းလိုက်သည်။ PEC တွင်ပါဝင်သူများမှာ ခွန်ကြာနု (ဥက္ကဋ္ဌ)၊ စိုင်းဘွန်ထိုင်း (ဒု ဥက္ကဋ္ဌ -၁)၊  စဝ်ဆေးခန်း (ဒု ဥက္ကဋ္ဌ -၂)၊ စစ်ဦးစီးချုပ် ဆေးလင်း၊ အတွင်းရေးမှူးချုပ် ဆေဝိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေထင်၊ တပ်မမှူး ဗိုလ်မှူးကြီး စံမိန်း၊ အုပ်ချုပ်ရေးတာဝန်ခံ စဝ်ဆေဆင့်၊ စဝ်အူမိုင်း (ဆေးဝါးနှင့်ကျန်းမာရေး)၊ စဝ်မိန်း (တွဲဖက်စစ်ဦးစီးချုပ်) တို့ဖြစ်သည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် SSPP အား နယ်ခြားစောင့်တပ် (BGF) အဖြစ်အသွင်ပြောင်းရန် ဖိအားပေးခဲ့သောကြောင့် SSPP/SSA တပ်မဟာ ၃ နှင့် ၇ တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းခဲ့ကြသော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ သည် BGF အဖြစ် အသွင်းပြောင်းရန်ငြင်းဆန်ခဲ့သည်။

SSPP/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော်လည်း ယခင်အစောပိုင်းကာလ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့တွင်လည်းကောင်း လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းဖြစ်သည်။

SSPP/ SSA သည် UNFC, FUA, NCCT, DPN ၏ အဖွဲ့ဝင်ဖြစ်သည်။

 

SSPP/SSA ခေါင်းဆောင်များ ……………..

 

 

ဒု ဗိုလ်ချုပ်ကြီး နော်မိုင်းလုံ နာယက
ဒု ဗိုလ်ချုပ်ကြီး ပန်ဖ (စစ်သေနာပတိ) ဥက္ကဋ္ဌ
ဗိုလ်ချုပ်ခေးတိုင်း ဒု ဥက္ကဋ္ဌ – ၁
ဗိုလ်ချုပ်ခွန်ဆိုင်း  ဒု ဥက္ကဋ္ဌ – ၂
ဗိုလ်မှူးကြီး မန်ဟောင် (ဃဃ)
ဗိုလ်ချုပ် ငေါင်ဖ ဒု စစ်သေနာပတိ
ဗိုလ်မှူးကြီး ခမ်းတီး နိုင်ငံရေးဌာန
ဒု ဗိုလ်မှူးကြီး လောင်ဖိန်း တပ်မ ၇၄ တပ်မှူး
ဒု ဗိုလ်မှူးကြီး ကျော်လှ အတွင်းရေးမှူး – ၁
ဒု ဗိုလ်မှူးကြီး စိုင်းစု အတွင်းရေးမှူး – ၂
ဒု ဗိုလ်မှူးကြီး ဘထွန်း အတွင်းရေးမှူး – ၃
ဗိုလ်မှူး စိုင်းဟန် လေ့ကျင့်ရေး
ဗိုလ်မှူး တွမ်ခမ်း  ပြည်သူ့ဆက်ဆံရေး

 

 

ဌာနချုပ်တည်ရှိရာ …….

ရှမ်းပြည်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း။

အခြေစိုက် လှုပ်ရှားရာဒေသ …………………..

နမ့်ခမ်း၊ လင်းခေး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ တန့်ယန်း၊  မိုင်းယိုင်၊ ကျေးသီး၊ လားရှိုးမြို့နယ်။

 

 

ကိုးကား —      ကရင့်တော်လှန်ရေးသမိုင်း – ဖူးစကောလယ်တော

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား (၂၀၁၆)

http://myanmarheritableson.blogspot.com/2016/02/ssa.html

 

Participation in the Peace Process

သဘောထားစာတမ်း